ကမ္ဘာ့ငှက်ကုလားအုတ်နေ့ (World Ostrich Day) – Yangon Zoo

ကမ္ဘာ့ငှက်ကုလားအုတ်နေ့ (World Ostrich Day)

 

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၂) ရက်နေ့

 

   ကမ္ဘာပေါ်တွင် လွန်ခဲ့သော နှစ်သန်းပေါင်း (၁၈၄) သန်းခန့်က ဒိုင်နိုဆောများမှ ဆင်းသက်လာသည့် ခန္ဓာကိုယ် အကြီးမားဆုံးနှင့် မပျံသန်းနိုင်သည့် ငှက်ကုလားအုတ်များသည် ရိုးရိုးငှက်ကုလားအုတ် (Common Ostrich) နှင့် ဆိုမာလီငှက်ကုလားအုတ် (Somali Ostrich) ဟူ၍ မျိုးစိတ်နှစ်မျိုး ရှင်သန်ပေါက်ဖွားပါတယ်။ 

 

   ငှက်ကုလားအုတ်များသည် ကမ္ဘာပေါ်တွင် အပြေးမြန်ဆုံးသော ငှက်များဖြစ်ကြပြီး ရှည်လျား သန်မာသော ခြေထောက်များ ရှိသည့်အတွက် တစ်ခါခုန်လျှင် (၁၀) ပေကျော်ခန့်အထိ ခုန်နိုင်ကြပါတယ်။ ရှည်လျားသော ခြေတံများသည် လူသား (သို့မဟုတ်) ခြင်္သေ့ကဲ့သို့သော သားရဲများကိုပင် သေစေနိုင်သော လက်နက်တစ်ခုလည်းဖြစ်ပြီး ခြေချောင်း နှစ်ချောင်းစီတွင် ရှည်လျား ချွန်ထက်သော ခြေသည်းများ ပါရှိကြပါတယ်။

   ငှက်ကုလားအုတ်များသည် ကုန်းနေသတ္တဝါများထဲတွင် အကြီးဆုံးသော မျက်လုံးကို ပိုင်ဆိုင်ထားကြပြီး မျက်လုံးအလျားမှာ (၅) စင်တီမီတာခန့် နီးပါးရှိသဖြင့် ခြင်္သေ့ ကဲ့သို့သော သားရဲမုဆိုးများကိုပင် အဝေးမှလှမ်း၍ မြင်နိုင်ပါတယ်။ သူတို့ရဲ့ ရှည်လျားတဲ့ ခြေတံတွေနဲ့ ပေါ့ပါးတဲ့အရိုးတည်ဆောက်ပုံတွေကြောင့် သားရဲတွေဆီကနေ တစ်နာရီကို (၈၀) ကီလိုမီတာနှုန်းအထိ ပြေးလွှားနိုင်ပါတယ်။

   ငှက်ကုလားအုတ်များသည် အစုံစားသတ္တဝါများ ဖြစ်ကြသော်လည်း အသီးအရွက်ကိုသာ အဓိကထား စားသုံးကြပြီး ရံဖန်ရံခါ အသားစားသတ္တဝါများစားသောက်ပြီးကြွင်းကျန်ရစ်သော တိရစ္ဆာန်များ၏ အသားများကိုလည်း စားကြပါတယ်။ ယင်းတို့သည် မြက်ပင်များ၏ အစေ့အဆံများ၊ အချို့သောပန်းများနှင့် အစေ့များကို ရွေးချယ် စားသောက်တတ်သော်လည်း တစ်ခါတစ်ရံ ကျိုင်းကောင်များကိုလည်း စားသောက်တတ်ပါတယ်။ ရေမရှိဘဲ အချိန်အကြာကြီး အသက်ရှင်သန်နိုင်ပါတယ်။

   ငှက်ကုလားအုတ်များသည် ဆီးနှင့် မစင်ကို သီးခြားစီ ခွဲခြားပြီး စွန့်ထုတ်နိုင်သည့်အတွက် ဆီးစွန့်ထုတ်တတ်သော ထူးခြားဆန်းပြားသည့် ငှက်ဖြစ်ပါတယ်။ သဘာဝအ‌လျောက် နှစ်ပေါင်း (၃၀−၄၀)ခန့် နေထိုင်နိုင်ပြီး မွေးမြူ ထိန်းသိမ်းထားသည့် နေရာတွင် နှစ်ပေါင်း (၇၀) ခန့်အထိ နေထိုင်နိုင်ကြောင်း မှတ်တမ်းများအရ သိရှိရပါတယ်။

   ဤသို့ ထူးခြားဆန်းပြားပြီး ကမ္ဘာပေါ်ရှိ ငှက်များထဲတွင် မပျံသန်းနိုင်သည့် ခန္ဓာကိုယ်အကြီးဆုံး ငှက်ကုလားအုတ်များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး အသိပညာများတိုးပွားလာစေရန် ရည်ရွယ်၍ နှစ်စဥ် ဖေဖော်ဝါရီလ (၂) ရက်နေ့ကို ကမ္ဘာ့ငှက်ကုလားအုတ်ထိန်းသိမ်းရေးနေ့အဖြစ်သတ်မှတ်ပြီး ထိန်းသိမ်းကာကွယ်လျက်ရှိပါကြောင်း ဗဟုသုတ မျှဝေလိုက်ပါတယ်။

Copyright 2018, All rights reserved.