ကမ္ဘာ့ကုန်းမြေတွင်သာမက ရေပြင်တွင်လည်း ရှင်သန်ကျက်စားကြကာ ဂေဟဗေဒစနစ်ကို ညီညွတ်စေရန် ကူညီထိန်းသိမ်းပေးနေသည့် နို့တိုက်သတ္တဝါတစ်မျိုးဖြစ်သော ရေမြင်းများသည် ကုန်းနှင့်ရေ နှစ်မျိုးစလုံးတွင် ရှင်သန်ကျက်စားကြပြီး ကမ္ဘာ့ကုန်းမြေပေါ်ရှိ နို့တိုက်သတ္တဝါများထဲတွင် တတိယ အရွယ်အစား အကြီးမားဆုံးဖြစ်ပါသည်။
🦛 ရေမြင်းများသည် အာဖရိကတိုက်တွင် ရှင်သန်ကျက်စား နေထိုင်ကြသည်ကို တွေ့ရှိရပြီး ကမ္ဘာပေါ်တွင် ရေမြင်းပု (Pygmy Hippopotamus) နှင့် ရိုးရိုးရေမြင်း (Hippopotamus) ဟူ၍ ရေမြင်းမျိုးစိတ် (၂) မျိုး ရှင်သန်ကျက်စား နေထိုင်ကြပါသည်။
🦛 Hippopotamus ဟူသော အမည်သည် ဂရိစကားလုံးမှ ဆင်းသက်လာခဲ့ပြီး River Horse (မြစ်မြင်း) သို့မဟုတ် Water Horse (ရေမြင်း) ဟူ၍ အဓိပ္ပာယ်ရပါသည်။ ယခုလက်ရှိ ကမ္ဘာပေါ်တွင် ရှင်သန်ကျန်ရှိနေသေးသည့် ရေမြင်းမျိုးစိတ်များသည် လွန်ခဲ့သော နှစ်ပေါင်း (၈) သန်းခန့်က အာဖရိကတိုက်တွင် စတင်ပေါ်ပေါ်က်ခဲ့သည်ဟူ၍ သိပ္ပံပညာရှင်များက ယုံကြည်ထားခဲ့ကြပါသည်။
🦛 ရေမြင်းများသည် အာဖရိကတိုက်ရှိ ရေချိုမြစ်ဝှမ်းများနှင့် ရေကန်များတွင် ရှင်သန်ကျက်စား နေထိုင်ကြပါသည်။ ရေစိမ်ရခြင်းကို အလွန်ကြိုက်နှစ်သက်သည့် သတ္တဝါများဖြစ်ကြပြီး ၎င်းတို့၏ အချိန်အများစုကို ရေထဲတွင်သာ ကုန်ဆုံးလေ့ရှိကြပါသည်။ ကုန်းပေါ်တွင် အချိန်ကြာမြင့်စွာ မနေထိုင်နိုင်ကြပဲ ပူပြင်းသော နေရောင်ခြည်အောက်၌ အချိန်ကြာမြင့်စွာ နေထိုင်လိုက်ပါက ယင်းတို့၏ အရေပြားသည် ရေဓာတ်ခမ်းခြောက်ကာ အက်ကွဲနိုင်သောကြောင့် အမြဲတစေ စိုစွတ်နေစေရန် လိုအပ်ကြပါသည်။ ကိုယ်ခန္ဓာကို အေးမြအောင် ရွှံ့လူးရခြင်းကိုလည်း ကြိုက်နှစ်သက်ကြပါသည်။ ရေမြင်းများ၏ ထူးခြားသည့် အချက်တစ်ခုမှာ ချွေးထွက်နိုင်သည့် ဂလင်းများ မပါရှိကြပါ။ သို့သော် ရေမြင်းများ၏ခန္ဓာကိုယ်မှ နေရောင်ခြည်ဒဏ်ကို ကာကွယ်နိုင်ရန် အက်စစ်တစ်မျိုးကိုထုတ်လွှတ်တတ်ကြပါသည်။ ထိုအက်စစ်သည် ခန္ဓာကိုယ်မှ နေရောင်ကိုလိုအပ်သည်ထက် ပူပြင်းလာပါက အရေပြားနေလောင်ဒဏ်ဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်သည့် သဘာဝနေလောင်ကာ အက်စစ်အဆီကဲ့သို့ ဖြစ်လာပါသည်။ ထိုအက်စစ်သည် ရေမြင်းများ၏ အရေပြားမှ ထုတ်လွှတ်ခံရပြီး မိနစ်အနည်းငယ်ကြာသောအခါ လေနှင့်ဓာတ်ပြု၍ နီညိုရောင် အဆီများအဖြစ် အရောင်ပြောင်းလဲသွားကြပါသည်။ ထိုနီညိုရောင်အဆီများကို Blood Sweat (သွေးချွေး) ဟုခေါ်ဆိုကြပါသည်။ Blood Sweat အဆီများသည် ရေမြင်းတို့၏ အရေပြားကို စိုစွက်နေစေရုံသာမက ခန္ဓာကိုယ်ပေါ်တွင် ဘက်တီးရီးယားပိုးမွှားများပေါက်ဖွားခြင်းမှ ကာကွယ်ပေးနိုင်ပြီး အရေပြားနေလောင်ဒဏ်ဖြစ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါသည်။
🦛 ရေမြင်းများသည် ရေထဲတွင် ခန္ဓာကိုယ်တစ်ခုလုံးကို နှစ်မြုပ်ထားသော်လည်း ၎င်းတို့၏ မျက်လုံး၊ နားနှင့် နှာခေါင်းတို့ကို ရေပေါ်တွင်ဖော်ထားနိုင်ကြသောကြောင့် ပတ်ဝန်းကျင်ကို ကောင်းမွန်စွာ မြင်တွေ့ကြားသိနိုင်သည့်အပြင် အသက်ရှူခြင်းကိုလည်း ပြုလုပ်နိုင်ကြပြီး နှာခေါင်းပေါက်များကို ရေအောက်တွင် ရေစိမ်ရန်နှင့် ရေငုပ်သည့်အခါ ပိတ်ထားနိုင်ကြပါသည်။ ရေမြင်းများသည် တစ်ခါရေငုပ်လျှင် ( ၅ ) မိနစ်ခန့် ရေငုပ်နိုင်ကြပါသည်။ ရေမြင်းများသည် ရေထဲတွင် ရေကူးသည်ဟုသိရှိထားသော်လည်း အမှန်မှာ သူတို့၏ ကြီးမားထူထဲသည့် ခန္ဓာကိုယ်ကြောင့် ရေထဲတွင် ပေါလောပေါ်ရန်ပင် ခက်ခဲလှပါသည်။ ထို့ကြောင့် ရေမြင်းများသည် ရေထဲတွင် ရေမကူးကြပဲ မြစ်ကြမ်းပြင်ကို ခြေထောက်နဲ့တွန်းကန်ခြင်းဖြင့် လမ်းလျှောက်ခြင်း လှုပ်ရှားမှုကိုပြုလုပ်ကြပါသည်။
🦛 ရေမြင်းများသည် ဆင်နှင့်ကြံ့ဖြူတို့ပြီးလျှင် တတိယအရွယ်အစားအကြီးဆုံး သတ္တဝါများဖြစ်ကြသော်လည်း သွက်လက်စွာလှုပ်ရှားနိုင်ကြပါသည်။ ရေမြင်းများသည် ကြီးမားသည့် ခန္ဓာကိုယ်နှင့် မလိုက်ဖက်အောင်ပင် ရေထဲတွင် တစ်နာရီလျှင် (၅)မိုင်ခန့်အထိ လျှင်မြန်စွာ လှုပ်ရှားနိုင်ကြပါသည်။ ရေထဲတွင်သာမက ကုန်းပေါ်တွင်လည်း တစ်နာရီလျှင် (၁၉) မိုင်ခန့် တာတိုပြေးနိုင်ကြပါသည်။ ရေမြင်းတို့သည် တစ်ကောင်ထဲ နေထိုင်လေ့မရှိကြပဲ အကောင်ရေ (၁၀) ကောင်မှ အကောင် (၃၀) ထိ ပါဝင်သော အုပ်စုဖြင့် နေထိုင်ကြပါသည်။
🦛 ရေမြင်းများသည် ယင်းတို့နေထိုင်ရာဂေဟစနစ်အတွက် အကျိုးပြုပြီး အရေးပါသည့် သတ္တဝါများ ဖြစ်ကြပါသည်။ အဘယ်ကြောင့်ဆိုသော် ယင်းတို့၏ အညစ်အကြေးစွန့်ထုတ်ခြင်းသည် ရေနေသတ္တဝါများအတွက် အစာအာဟာရကို ဖြည့်တင်းပေးရုံသာမက ရေတွင်ပါဝင်သည့် အာဟာရကိုလည်း ဖြည့်တင်းပေးကြပါသည်။
ရေမြင်းများသည် အညစ်အကြေးစွန့်ထုတ်သည့်အခါ အမြှီးကို ပန်ကာကဲ့သို့လှည့်လည်၍ စွန့်ထုတ်လေ့ရှိပြီး၊ ထိုကဲ့သို့ ပြုလုပ်ခြင်းကြောင့် ယင်းတို့၏ အညစ်အကြေးများတွင် ပါဝင်သည့် အာဟာရများကို ရေနေအစာကွင်းဆက်အတွင်းသို့ ဝင်ရောက်လာစေပါသည်။ စွန့်ထုတ်လိုက်သော အညစ်အကြေးများတွင် ပါဝင်သည့် ကာဗွန်၊ ဖော့စဖရပ်နှင့် နိုက်ထရိုဂျင်ကဲ့သို့သော အာဟာရများသည် အစာကွင်းဆက်အတွင်းရှိ သက်ရှိများ၏ ကြီးထွားမှုကို မြှင့်တင်ပေးကာ အပင်များကြီးထွားရေးအတွက်လည်း အကျိုးပြုပါသည်။
ထိုကဲ့သို့ ဂေဟစနစ်ကို အကျိုးပြုသည့် ရေမြင်းများသည် IUCN Red List၏ အဆင့် သတ်မှတ်ချက်အရ Vulnerable ( VU )ဟုခေါ်သည့် မျိုးသုဉ်းရန် အန္တရာယ်ရှိသောမျိုးစိတ်အဖြစ် သတ်မှတ်ခြင်းကို ခံထားရပြီ ဖြစ်ပါသည်။ ထို့ကြောင့် မျိုးသုဉ်းရန် အန္တရာယ်ရှိသောမျိုးစိတ်အဖြစ်မှ မျိုးသုဉ်းပျောက်ကွယ်သွားသော မျိုးစိတ်အဖြစ်သို့ မရောက်ရှိသွားစေရန် ဝိုင်းဝန်းကာကွယ် ထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်သည့်အနေဖြင့် နှစ်စဥ် ဖေဖော်ဝါရီလ (၁၅) ရက်နေ့ကို ကမ္ဘာ့ရေမြင်းထိန်းသိမ်းကာကွယ်ရေးနေ့အဖြစ်သတ်မှတ်ပြီး ထိန်းသိမ်းကာကွယ်လျက်ရှိပါကြောင်း ဗဟုသုတ မျှဝေလိုက်ပါသည်။
Copyright 2018, All rights reserved.