အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ (International Women’s Day) – Yangon Zoo
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ (International Women's Day)   ကမ္ဘာပေါ်ရှိ တိုင်းပြည်အများစုတွင် အမျိုးသားဦးရေထက် အမျိုးသမီးဦးရေ ပိုမိုများပြားလျက်ရှိသည်။ ဤသို့ အမျိုးသမီးဦးရေများပြားလာမှုနှင့်အတူ အမျိုးသားများနည်းတူ အမျိုးသမီးများကိုလည်း တန်းတူရည်တူအခွင့်အရေးပေးနိုင်အောင် ဆောင်ရွက်ကြရသည်။ အမျိုးသမီးများအခန်းကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လာကြသည်။ အမျိုးသမီးများ၏ စွမ်းရည်ကို မြှင့်တင်ဆောင်ရွက်လာကြသည်။ ထို့ကြောင့်ပင် နှစ်စဉ်နှစ်တိုင်း မတ်လ ၈ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ (International Women’s Day) အဖြစ်သတ်မှတ်ကာ ကမ္ဘာတစ်ဝန်း အမျိုးသမီးကဏ္ဍကို ကျယ်ပြန့်စွာဖော်ထုတ်ရန် အခမ်းအနားများ ကျင်းပလေ့ရှိသည်။ နှစ်စဉ်ဆောင်ပုဒ်တစ်ခုသတ်မှတ်ထုတ်ပြန်လျက် အမျိုးသမီးကဏ္ဍကို မြှင့်တင်ရန် အသိပေးလေ့ရှိသည်။ အမျိုးသမီးများ စွမ်းရည်ကို မြှင့်တင်ပေးပြီး တိုင်းပြည်နှင့် လူမျိုး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ကိုင်ဆောင်ရွက်ကြရန် အသိပေးတိုက်တွန်းထားခြင်းဖြစ်သည်။ ကမ္ဘာ့လူဦးရေ တိုးတက်များပြားလာချိန် ဤသို့တိုက်တွန်းလိုက်ခြင်းသည် အလွန်ပင် အကြောင်းအကျိုး ဆက်စပ်မှုရှိလာသည်။ ခေတ်ကာလ အခြေအနေအရ လိုက်လျောညီထွေရှိလှသော တိုက်တွန်းဆော်ဩမှုပင်ဖြစ်သည်။ အမျိုးသမီးများ၏ ပင်ကိုဗီဇသည် များသောအားဖြင့် အားနွဲ့ကြသူများဖြစ်သော်လည်း အမျိုးသားများနှင့်အပြိုင် ကာယအား၊ ဉာဏအား၊ စိတ်ဓာတ်စွမ်းအားများ မွေးမြူနိုင်ရမည်။ အမျိုးသားများနည်းတူ လက်ရုံးရည်၊ နှလုံးရည်စွမ်းရည်များ ကြံ့ခိုင်သူများဖြစ်အောင် ကြိုးစားအားထုတ်နိုင်ရမည်။ အရည်အချင်းပြည့်ဝပြီး စိတ်ဓာတ်ကြံ့ခိုင်အောင် ကြိုးစားရမည်။ လုပ်ရည်ကိုင်ရည် ထက်ထက်မြက်မြက် လုပ်ကိုင်နိုင်ကြရမည်ဖြစ်သည်။ သို့မှသာ အမျိုးသမီးများ၏ စွမ်းရည်သည် ပိုမိုတိုးတက်မြင့်မားလာမည်ဖြစ်သည်။ ဤသို့အမျိုးသမီးများက စွမ်းရည်ထက်မြက်အောင် ကြိုးစားအားထုတ်သင့်သလို အစိုးရ ပုဂ္ဂလိကအဖွဲ့အစည်းအားလုံးကလည်း အမျိုးသမီးများ စွမ်းရည်မြှင့်တင်ရေးကို အလေးထားဆောင်ရွက်ပေးရမည်ဖြစ်သည်။ ကျွန်ုပ်တို့နိုင်ငံတွင် အမျိုးသမီးအခန်းကဏ္ဍကို အလေးထား လုပ်ဆောင်လျက်ရှိပြီး အမျိုးသားနည်းတူ တန်းတူအခွင့်အရေးပေးထားသည်။

အမျိုးသမီးများ၏စွမ်းရည်ကို မြှင့်တင်ပေးခြင်းဖြင့် နိုင်ငံတစ်နိုင်ငံချင်းစီ၏ ကုန်ထုတ်စွမ်းအားများ တိုးတက်မြင့်မားလာမည်ဖြစ်သည်။ အမျိုးသမီးများ တိုးပွားလာမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် လုပ်အားဆုံးရှုံးမှုများကို ကာကွယ်နိုင်မည်ဖြစ်သည်။ သို့ပါ၍ “လူသားအားလုံးဖွံ့ဖြိုးဖို့ အမျိုးသမီးများ စွမ်းရည်မြှင့်တင်လို့၊ ပုံဖော်ကြပါစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ အမျိုးသမီးတစ်ဦးချင်းစီ၏ အရည်အချင်း၊ အရည်အသွေး လုပ်ကိုင်နိုင်စွမ်းတို့ကို မြှင့်တင်ပေးပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ကိုင်ဆောင်ရွက်သင့်ပါကြောင်း တိုက်တွန်းနှိုးဆော်ရင်း အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်။

Copyright 2018, All rights reserved.