🐆 အပြည်ပြည်ဆိုင်ရာ ကျားသစ်များနေ့ 🐆 – Yangon Zoo
🐆 အပြည်ပြည်ဆိုင်ရာ ကျားသစ်များနေ့ 🐆 နှစ်စဉ် မေလ (၃) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ကျားသစ်များနေ့ (International Leopard Day) အဖြစ် ဂုဏ်ပြုကျင်းပလျက်ရှိပါတယ်။ အပြည်ပြည်ဆိုင်ရာ ကျားသစ်များနေ့ကို ကျင်းပရခြင်း၏ရည်ရွယ်ချက်မှာ ကျားသစ်မျိုးစိတ်များ ရင်ဆိုင်ကြုံတွေ့နေရသည့် ဘေးအန္တရာယ်များနှင့် ကမ္ဘာပေါ်ရှိ ယင်းတို့ ရှင်သန်ကျက်စားရာ နေရင်းဒေသများ ဆုံးရှုံးလာခြင်းကို သိရှိစေရန် ရည်ရွယ်၍ ဂုဏ်ပြုကျင်းပရခြင်းဖြစ်ပါတယ်။ ကျားသစ်များသည် ကြောင်ကြီးမျိုးနွယ်ဝင်မျိုးစိတ်များထဲမှ တစ်မျိုးဖြစ်ကြပြီး ကမ္ဘာပေါ်တွင် ကျားသစ်မျိုးစိတ် (၉) မျိုး ရှင်သန်နေထိုင်ကျက်စားလျက်ရှိသည့်အနက် မြန်မာနိုင်ငံတွင် အင်ဒိုချိုင်းနား ကျားသစ်မျိုးနွယ် ရှင်သန်နေထိုင်ကျက်စားသည်ကို တွေ့ရှိရပါတယ်။ ကျားသစ်များသည် သဘာဝထဲတွင် တစ်ကောင်တည်းသာ နေထိုင်လေ့ရှိကြပြီး မိတ်လိုက်မျိုးပွားချိန်ရောက်မှသာ အထီးနှင့်အမ ယှဉ်တွဲနေထိုင်တတ်ကြပါတယ်။ ကျားသစ်များသည် အချိန်အများစုကို သစ်ပင်များပေါ်တွင်သာ ကုန်ဆုံးလေ့ရှိတတ်ကြသည့် သတ္တဝါများ ဖြစ်ကြပါတယ်။ ကြောင်ကြီးမျိုးနွယ်ဝင်များထဲတွင် ခန္ဓာကိုယ်အရွယ်အစား အသေးငယ်ဆုံး ဖြစ်ကြသော်လည်း ကျွမ်းကျင်သည့် သစ်ပင်တက်သမားများဖြစ်ကြပါတယ်။ ကျားသစ်များ၏ ခန္ဓာကိုယ်အောက်ခံအညိုရောင်ပေါ်တွင် ကျက်စားရာနေရာဒေသအလိုက် စက်ဝိုင်းပုံနှင့် စတုရန်းပုံသဏ္ဍန်ရှိသော အနက်ရောင်အပွင့်များဖြင့် ဖုံးအုပ်ထားပါတယ်။ ရင်ဘတ်၊ ခြေဖဝါး၊ မျက်နှာနှင့် အမြီးတို့တွင် အနက်ရောင်အကွက်များရှိသည့်အပြင် ခန္ဓာကိုယ်ပေါ်တွင်လည်း အနက်ရောင်အကွက်လေးများပါရှိတတ်ပါတယ်။ ထိုအကွက်လေးများက ယင်းတို့၏ သားကောင်များထံမှ အလွယ်တကူ မမြင်တွေ့နိုင်စေရန် ကိုယ်ယောင်ဖျောက်ပေးနိုင်ကြပါတယ်။

ကျားသစ်များသည် အစာကွင်းဆက်၏ ထိပ်ဆုံးတွင်ရှိသော အသားစားသတ္တဝါများ ဖြစ်သည့်အလျောက် အသီးအရွက်စားသုံးသည့် သတ္တဝါများကို အမဲလိုက်စားသောက်လေ့ရှိကြပါတယ်။ ထိုသို့ စားသုံးရာမှ ယင်းတို့နေထိုင်ရာဒေသအတွင်းရှိ အသီးအရွက်စားသတ္တဝါများ၏ အကောင်အရေအတွက်ကို ထိန်းညှိပေးသည့်အပြင် ထိုအသီးအရွက်စားသတ္တဝါများက ဂေဟစနစ်အတွင်းရှိ အပင်များကို အလွန်အကျွံစားသုံးခြင်းမှ ထိန်းညှိပေးကာ ဂေဟစနစ်မပျက်ယွင်းစေရန်နှင့် သစ်တောအတွင်းရှိ အပင်မျိုးစိတ် အရေအတွက်ကိုလည်း ထိန်းညှိပေးသလို ၎င်းတို့၏ နေရင်းဒေသများကိုပါ ထိန်းသိမ်းကာကွယ်ပြီးသားဖြစ်ပါတယ်။ ထိုကဲ့သို့ ဂေဟစနစ်ကို ထိန်းသိမ်းပေးရာတွင် ပါဝင်ကူညီဆောင်ရွက်ပေးနေသည့် မြန်မာနိုင်ငံတွင်တွေ့ရသော အင်ဒိုချိုင်းနား ကျားသစ်မျိုးစိတ်များသည် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့အစည်း IUCN မှ မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိသော မျိုးစိတ် (Critically Endangered) အဖြစ် သတ်မှတ်ထားပြီး အကောင်အရေအတွက်မှာလည်း ကျဆင်းလျက် ရှိပါတယ်။ ထို့ကြောင့် ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာကြီး၏ ဂေဟစနစ်ကို ကူညီထိန်းသိမ်းပေးနေသည့် မျိုးစိတ်တစ်မျိုးကို ကမ္ဘာပေါ်မှ မျိုးသုဉ်းပျောက်ကွယ်မသွားစေရန် ထိန်းသိမ်းစောင့်ရှောက်ဖို့ တိုက်တွန်းနှိုးဆော်ရင်း တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) တွင် ကာကွယ်စောင့်ရှောက်ထားသည့် ကျားသစ်မျိုးစိတ်ကို လာရောက်လေ့လာကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 🐆🌿

Copyright 2018, All rights reserved.