🐢 ကမ္ဘာ့လိပ်များနေ့ (World Turtle Day) 🐢 – Yangon Zoo
🐢 ကမ္ဘာ့လိပ်များနေ့ (World Turtle Day) 🐢   နှစ်စဉ် မေလ (၂၃) ရက်နေ့ကို ကမ္ဘာ့လိပ်များနေ့အဖြစ် သတ်မှတ်ထားပြီး လူထုအတွင်း ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး အသိအမြင်များ တိုးပွါးလာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်း ဖြစ်ပါတယ်။   လိပ်များ၏သမိုင်းကြောင်းကို ဖော်ပြရမည်ဆိုလျှင် ရှေးလွန်ခဲ့သော နှစ်သန်းပေါင်းများစွာ ဒိုင်နိုဆောသတ္တဝါ (Dinosaurs) များ မပေါ်ပေါက်ခင်ကာလ၊ နှစ်သန်းပေါင်း (၃၉၅ မှ ၂၂၅) ပလီအိုဇိုအစ် (Paleozoic Era) ခေတ်အတွင်းရှိ ပါမီယမ် (Permian Period) ကာလ၊ လွန်ခဲ့သော နှစ်သန်းပေါင်း (၂၉၀) ခန့်ကတည်းက ကမ္ဘာမြေပေါ်သို့ ပထမဦးဆုံး အောင်မြင်စွာ လုံးလုံးလျားလျား ခြေချနိုင်ခဲ့သည့် ရှေးကျသော တွားသွားသတ္တဝါများ (Primitive Reptiles) မှ တစ်ဆင့်၊ ဆင့်ကဲဖြစ်စဉ်အရ တိုးတက်ပြောင်းလဲလာပြီး လွန်ခဲ့သော နှစ်သန်းပေါင်း(၂၆၀) ခန့်မှစတင်ပြီး ကမ္ဘာမြေပေါ်တွင် ယနေ့ထက်တိုင် နှစ်ပေါင်းရှည်ကြာစွာ ရှင်သန်ပေါက်ပွားနေထိုင်လာခဲ့ကြသည့် တွားသွားသတ္တဝါများဖြစ်ကြပါတယ်။ 🐢🌏   ကမ္ဘာမြေပေါ်တွင် ယနေ့ထက်တိုင် နှစ်သန်းပေါင်းရှည်ကြာစွာ ရှင်သန်ပေါက်ပွား နေထိုင်လာခဲ့ကြသည့် တွားသွားသတ္တဝါများ ဖြစ်ကြသည့် ဖိုးသက်ရှည်လိပ်များသည် လူသားတို့အတွက် အသားနှင့်ဥအား အစားအစာအဖြစ် တိုက်ရိုက်အားဖြင့် အကျိုးကျေးဇူးပြုလျက်ရှိပြီး၊ သွယ်ဝိုက်သောနည်းအားဖြင့် လူသားတို့အား အကျိုးမပြုသော အင်းဆက်ပိုးမွှားများအား စားသုံးခြင်း၊ ရေကိုညစ်ညမ်းစေသော ဒြပ်ဝတ္ထုများနှင့် ရေညှိရေမှော်တို့ကို စားသုံးခြင်းအားဖြင့် လူသားတို့ အသုံးပြုနေသော မြစ်၊ ချောင်း၊ အင်းအိုင်တို့မှ ရေကို သန့်စင်စေခြင်းဖြင့် သဘာဝဂေဟစနစ်တွင် ချိန်ခွင်လျှာ ညီမျှစေသည့် တာဝန်တစ်ရပ်ကို ဆောင်ရွက်ထိန်းကျောင်းပေးလျက်ရှိပြီး လူသားတို့ အလွယ်တကူမြင်နိုင်စွမ်းမရှိသည့် အဖိုးမဖြတ်နိုင်သော အကျိုးကျေးဇူးများကို ပေးနေသည့် သတ္တဝါများဖြစ်ကြပါတယ်။ 🐢🌱🌏   ယခုအခါ ကမ္ဘာပေါ်တွင် ရှင်သန်ကျက်စားနေသည့် လိပ်မျိုးစိတ်အများစုသည် လူတို့၏ပယောဂများကြောင့် လိပ်တို့ပေါက်ဖွားရှင်သန်ရာ နေရင်းဒေသများ ဆုတ်ယုတ်ပျက်စီးယိုယွင်းလာစေခြင်း၊ လိပ်နှင့် လိပ်ဥများကို လွန်ကဲစွာ ရှာဖွေရောင်းချခြင်း၊ စားသောက်ခြင်းနှင့် အခြားသော အသားစားသတ္တဝါများ၏ စားသုံးခြင်းကို ခံရခြင်းတို့ကြောင့် တဖြည်းဖြည်း မျိုးသုဉ်းပျောက်ကွယ်သွားတော့မည့် အခြေအနေများနှင့် ရင်ဆိုင်ကြုံတွေ့ နေရပါတယ်။  

   သို့ဖြစ်ပါ၍ မေလ (၂၃) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့လိပ်များနေ့ (World Turtle Day) တွင် မိမိတို့လူသားများနှင့် သဘာဝပတ်ဝန်းကျင်ကို တိုက်ရိုက်အားဖြင့်သော်လည်းကောင်း သွယ်ဝိုက်သောနည်းအားဖြင့်သော်လည်းကောင်း အစဉ်ထာဝရ အကျိုးကျေးဇူးပြုပေးနေသည့် ဖိုးသက်ရှည်လိပ်များအား ကမ္ဘာ့မြေပေါ်တွင် ရေရှည်တည်တံ့စေရန်နှင့် မျိုးသုဉ်း ပျောက်ကွယ်မသွားစေရန် ဝိုင်းဝန်းကာကွယ် ထိန်းသိမ်းနိုင်အောင် တိုက်တွန်းနှိုးဆော်ရင်း တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) အတွင်း ထိန်းသိမ်းစောင့်ရှောက်ထားသော လိပ်ကလေးများအား လာရောက် လေ့လာကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 🐢🐢🐢

Copyright 2018, All rights reserved.