🦦 ကမ္ဘာ့ဖျံများနေ့ (World Otter Day) 🦦
နှစ်စဉ်နှစ်တိုင်း မေလ၏နောက်ဆုံးသော ဗုဒ္ဓဟူးနေ့ကို ကမ္ဘာ့ဖျံများနေ့အဖြစ် International Otter Survival Fund (IOSF) မှ စတင်ဂုဏ်ပြုသတ်မှတ်ထားပြီး ဖျံမျိုးစိတ်များ၏ ဂေဟစနစ်အတွင်း အရေးပါပုံကို သိရှိစေရန်နှင့် ဖျံမျိုးစိတ်တို့၏ ရှင်သန်ကျက်စားနိုင်သည့် နေရာများ လျော့နည်းလာခြင်း အစရှိသည်တို့ကို သတိပြုမိစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်း ဖြစ်ပါတယ်။ 🎉🎉🎉
ဖျံများသည် သွက်လက်သော ပင်ကိုယ်သဘာဝရှိကြပြီး အသိဉာဏ်မြင့်မားသော မျိုးစိတ်တစ်မျိုး ဖြစ်ပါတယ်။ ဖျံမျိုးစိတ်ပေါင်း (၁၃) မျိုးထိရှိကြပြီး ဩစတေးလျတိုက်နှင့် အန္တာတိကတိုက်တို့မှလွဲ၍ ကမ္ဘာပေါ်ရှိ တိုက်ကြီးများ၏ ရေချိုမြစ်ချောင်း အများစုတွင် တွေ့ရှိရသလို ပင်လယ်ကမ်းရိုးတန်း ဒေသတွင်လည်း တွေ့ရှိရပါတယ်။ ဖျံမျိုးစိတ် (၁၃) မျိုးထဲတွင် Giant Otter သည် အရွယ်အစားအကြီးဆုံးဖြစ်ပြီး တောင်အမေရိကတိုက်၏ အမေဇုန်မြစ်၊ လာပလာတာမြစ်နှင့် အော်ရီနိုကိုမြစ်တစ်လျောက်တွင် တွေ့ရှိနိုင်ပါတယ်။ 🦦🦦🦦
ဖျံမျိုးစိတ်တစ်မျိုးဖြစ်သော Sea Otter of North America (ပင်လယ်ဖျံ) သည် သူတို့နေထိုင်ရာ ပင်လယ်ကမ်းရိုးတန်းဒေသအတွက် အရေးပါသော မျိုးစိတ်တစ်မျိုး (Key Stone Specie) ဖြစ်ပါတယ်။
ပင်လယ်ဖျံများ၏ စားသုံးသော အစားစာများထဲတွင် သံပခြုပ်ကောင်များ ပါဝင်ပြီး၊ သံပခြုပ်များကို စားသုံးသည့် ပင်လယ်ဖျံများ မရှိတော့လျှင်သံပခြုပ်ကောင်များ၏ အကောင်အရေအတွက်ပိုမိုများပြားလာပြီး ပင်လယ်ရေမှော်တောများကို ကိုက်ဖြတ်စားသုံးမှုတို့ကြောင့် ပင်လယ်ရေမှော်တောများ နည်းပါးလာပြီး ပင်လယ်ရေမှော်ကို အဓိကစားသုံးသော ရေနေသတ္တဝါတို့အတွက် အစာရေစာပြတ်လတ်မှုတို့ကို ဖြစ်ပေါ်စေပြီး ဂေဟစနစ်ကို ချို့ယွင်းစေပါတယ်။ 🌱🌎🦦
မြစ်ချောင်းများတွင် အဓိက ရှင်သန်ကျက်စားကြသော ဖျံမျိုးစိတ်များ၏ နေထိုင်ကျက်စားရာ မြစ်ချောင်းများ ညစ်ညမ်းလာမှု ၊ ရှင်သန်ပေါက်ဖွားနိုင်ရာ နေရာများလျော့နည်းလာမှုတို့နှင့် အတူ အလှအပအဆင်တန်ဆာအနေဖြင့် ဝတ်ဆင်ရန် သားမွှေးဝတ်ရုံအဖြစ် အမဲလိုက်ခံရမှုတို့ကြောင့် ယခုဆိုလျှင် မျိုးသုန်းပျောက်ကွယ်တော့မည့် အန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေရပြီ ဖြစ်ပါတယ်။ 🌱🌎🦦
ထို့ကြောင့် အကြောင်းအမျိုးမျိုးဖြင့် အကောင်အရေအတွက် နည်းပါးလာသော ဖျံမျိုးစိတ်များကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရန် အမေရိကန်ပြည်ထောင်စုမှ (၁၉၇၂) ခုနှစ် အောက်တိုဘာလ (၂၁) ရက်တွင် ရေနေသွေးနွေးသတ္တဝါများအား ကာကွယ်စောင့်ရှောက်ရေး Marine Mammal Protection Act (MMPA) ကို စတင် ရေးဆွဲ၍ ကာကွယ်ထိန်းသိမ်းမှုများ ပြုလုပ်ခဲ့ပါတယ်။ MMPA သည် ဖျံကဲ့သို့သော ရေနေသွေးနွေး သတ္တဝါများအား သတ်ဖြတ်ခြင်း၊ အမဲလိုက်ဖမ်းဆီးခြင်း၊ တရားမဝင် ရောင်းဝယ်ဖောက်ကားခြင်းစသည်တို့ကို ပိတ်ပင်တားဆီးကာ အရေးယူခြင်းများ ဆောင်ရွက်ခဲ့ပါတယ်။
သို့ဖြစ်ပါ၍ မေလ၏နောက်ဆုံးသော ဗုဒ္ဓဟူးနေ့တွင် ကျရောက်သည့် ကမ္ဘာ့ဖျံများနေ့ (World Otter Day) တွင် ရေချိုဂေဟစနစ်အတွက်များစွာ အထောက်အကူပေးသည့် မျိုးစိတ်ဖြစ်ပြီး ၎င်းတို့ နေထိုင်ကျက်စားရာ မြစ်များ ချောင်းများအတွင်းရှိ ငါးကောင်ရေကို ထိန်းညှိပေးသည့် ဖျံမျိုးစိတ်များ ရေရှည်တည်တံ့စေရန်နှင့် မျိုးသုဉ်း ပျောက်ကွယ်မသွားစေရန် ဝိုင်းဝန်းကာကွယ် ထိန်းသိမ်းနိုင်အောင် တိုက်တွန်းနှိုးဆော်ရင်း တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) အတွင်း ထိန်းသိမ်းစောင့်ရှောက်ထားသော ဖျံကလေးများအား လာရောက် လေ့လာကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 🦦🦦🦦