တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရေးကို ပိုမိုသိရှိနားလည်စေရန်နှင့် ဗဟုသုတများစွာ ရရှိစေမည့် စိတ်ဝင်စားဖွယ်ရာ အစီအစဉ်များစွာကို လေ့လာလိုက်ပါ။
လမ်းလျှောက်တတ်စအရွယ် ကလေးငယ်များမှသည် ဆယ်ကျော်သက်လူငယ်များအထိ အရွယ်စုံကလေးများအတွက် အံ့ဖွယ်တိရစ္ဆာန်လောကကို လေ့လာနိုင်မည့် အစီအစဉ်တစ်ခု ဖြစ်ပါသည်။ တိရစ္ဆာန်များနှင့် အနီးကပ်ထိတွေ့ခွင့်ရရှိခြင်းနှင့် လက်တွေ့လုပ်ဆောင်ရသော လှုပ်ရှားမှုများမှတစ်ဆင့် ကလေးငယ်များ၏ စူးစမ်းလိုစိတ်ကို နှိုးဆွပေးပြီး တိရစ္ဆာန်များအား ကာကွယ်စောင့်ရှောက်လိုစိတ်နှင့် တစ်သက်တာသင်ယူလိုစိတ်တို့ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ပါသည်။
ဤအစီအစဉ်သည် သားကောင်သွင်းပညာရပ်ကို စိတ်ပါဝင်စားစွာ လေ့လာလိုကြသည့် တက္ကသိုလ်ကျောင်းသားများနှင့် ဆရာ၊ ဆရာမများအပြင် ဌာနဆိုင်ရာအဖွဲ့အစည်းများမှ ဝန်ထမ်းများအတွက် အထူးရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပါသည်။ ကျွမ်းကျင်ပညာရှင် ဦးဘော်သန်းကိုယ်တိုင် သင်ကြားပြသပေးသည့် ဤသင်တန်းသည် ဇီဝဗေဒဆိုင်ရာသီအိုရီနှင့် နည်းပညာပိုင်းဆိုင်ရာ ထိန်းသိမ်းမှုပညာရပ်များကို ပေါင်းစပ်ပေးထားပြီး တိရစ္ဆာန်ဥယျာဉ်အတွင်း၌ပင် လက်တွေ့ဆည်းပူးနိုင်မည့် အခွင့်အရေးကောင်းတစ်ခု ဖြစ်ပါသည်။
ဤအစီအစဉ်သည် မျိုးဆက်ပြတ်သုဉ်းလုနီးပါး အန္တရာယ်ရှိသော မျိုးစိတ်များနှင့် မြန်မာနိုင်ငံတွင်သာ တွေ့ရှိရသော ဒေသရင်း (Endemic) တောရိုင်းတိရစ္ဆာန်များကို သိပ္ပံနည်းကျ စီမံခန့်ခွဲမှုဖြင့် ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ပါသည်။ သဘာဝပတ်ဝန်းကျင်နှင့် တူညီသော ဖန်တီးထားသည့် ဝန်းကျင်အတွင်း တိရစ္ဆာန်များကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ်မှ ကာကွယ်ပေးလျက်ရှိပါသည်။
တိရစ္ဆာန်ချစ်သူများအနေဖြင့် တိရစ္ဆာန်ဥယျာဉ်ရှိ ကောင်ရေ ၁,၄၀၀ ကျော်၏ နေ့စဉ်အာဟာရလိုအပ်ချက်အတွက် တိုက်ရိုက်ပါဝင်လှူဒါန်းနိုင်မည့် အထူးအစီအစဉ် ဖြစ်ပါသည်။ လှူဒါန်းသူများနှင့် တိရစ္ဆာန်များ၏ ကျန်းမာရေးကို ရှေးရှု၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ စီစဉ်ထားခြင်းဖြစ်ပြီး၊ ရောဂါကူးစက်မှုအန္တရာယ် ကင်းဝေးစေရန်အတွက် တိရစ္ဆာန်များအတွက် အစာကို ဥယျာဉ်အတွင်းမှပင် စီစဉ်ပေးထားပါသည်။
ဤအစီအစဉ်သည် တိရစ္ဆာန်ချစ်သူများအနေဖြင့် မိမိတို့နှစ်သက်သော တိရစ္ဆာန်မျိုးစိတ်များ၏ နေ့စဉ်ဘဝရှင်သန်မှုတွင် တိုက်ရိုက်ပါဝင်ကူညီနိုင်မည့် အခွင့်အလမ်းတစ်ခု ဖြစ်ပါသည်။ အုပ်ထိန်းသူတစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်ခြင်းဖြင့် တိရစ္ဆာန်လေးများအတွက် လိုအပ်သော အာဟာရပြည့်ဝသည့် အစားအစာများ၊ ဆေးဝါးစောင့်ရှောက်မှုနှင့် အထူးအားဆေးဖြည့်စွက်စာများကို စနစ်တကျ ပံ့ပိုးပေးနိုင်မည် ဖြစ်ပါသည်။