အောက်ချင်းငှက် (Oriental Pied Hornbill) – Yangon Zoo
အောက်ချင်းငှက် (Oriental Pied Hornbill)   မြန်မာအမည် - အောက်ချင်း အင်္ဂလိပ်အမည် - Oriental Pied Hornbill သိပ္ပံအမည် - Anthracoceros albirostris   အောက်ချင်းငှက်များသည် အရှေ့တောင်အာရှနိုင်ငံများတွင် ရှင်သန်နေထိုင် ကျက်စားကြပြီး Sunda Pied Hornbill သို့မဟုတ် Malaysian Pied Hornbill ဟူ၍လည်း ခေါ်ဆိုပါတယ်။   အောက်ချင်းငှက်များ၏ ဦးခေါင်းထိပ်ရှိအမောက်သည် ခန္ဓာကိုယ်အတွင်းမှ အပူများကို ပြင်ပသို့ထုတ်လွှတ်ပေးပြီး ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးပါတယ်။ အောက်ချင်းငှက်အထီးများ၏ ဦးခေါင်းထိပ်ရှိ အမောက်သည် အမများထက် အရွယ်အစား ပိုမိုကြီးမားကြပါတယ်။   အောက်ချင်းငှက်များသည် အသီးအနှံများကို စားသုံးတတ်ကြသော်လည်း အင်းဆက်ပိုးမွှားများ၊ ဖွတ်၊ ဖား၊ ငါးတို့ကိုလည်း စားသုံးတတ်ကြသည့် အစုံစားသတ္တဝါများ ဖြစ်ပါတယ်။   အောက်ချင်းငှက်များသည် ဖိုမ နှစ်ကောင်တွဲ၍ ပျံသန်းလေ့ရှိကြပြီး တစ်လင်တစ်မယားစနစ်ကိုသာ ကျင့်သုံးကြပါတယ်။ အောက်ချင်းငှက်အမများ အသိုက်ပြုလုပ်နေစဉ်အတွင်း ငှက်ဖိုများက အပြင်မှ ရွှံ့စေးဖြင့် ပိတ်ထားပေးပြီး၊ အပြင်ဖက်မှ အစာခွံ့ရန်အတွက် အပေါက်ကျဉ်းလေးကိုသာ ဖန်တီးထားတတ်ပါတယ်။ အောက်ချင်းငှက်ဖိုများသည် အောက်ချင်းငှက်မများ သားမွေးသည့်အခါတွင် အစာရှာကြွေးလေ့ရှိတယ်။အောက်ချင်းငှက်မများသည် ဥ ဥချပြီးသောအခါ (၂၄) ရက်မှ (၂၈)ရက်အထိ ဥဝပ်ကြပြီး သားပေါက်သောအခါ ဥဝပ်သည့် သစ်ပင်ကြီး၏ အမြင့်ဆုံးထိပ်ဖျားမှာ အသိုက်လုပ်ပြီး နေလေ့ရှိကြပါတယ်။   အောက်ချင်းငှက်များသည် ဂေဟဗေဒစနစ်အတွက် အရေးပါသည့် အပိုင်းမှ ပါဝင်လျက်ရှိပါတယ်။ အောက်ချင်းငှက်တို့သည် အသီးအနှံများကို စားသုံးကာ ယင်းတို့ပျံသန်းသည့်တစ်လျှောက်တွင် အညစ်အကြေးစွန့်ခဲ့ခြင်းအားဖြင့် အပင်အသစ်များ ပြန်လည်ပေါက်ဖွားစေကာ သစ်တော၏ ဂေဟစနစ်ကို ထိန်းညှိပေးပါတယ်။ အောက်ချင်းငှက်များ ပျံသန်းစဉ်တွင် ဖိုမမြည်သံမှာ အလွန်စူးရှပြီး တစ်ကောင်နှင့်တစ်ကောင် အသံဖြင့် ဆက်သွယ်ကြပါတယ်။ အောက်ချင်းငှက်များသည် နှစ် (၂၀) မှ (၃၀) အထိ ရှင်သန်နေထိုင်နိုင်ကြပါတယ်။  

   တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) တွင် နို့တိုက်သတ္တဝါ၊ တွားသွားသတ္တဝါ၊ ရေနေသတ္တဝါများနှင့် ကျေးငှက်မျိုးစိတ်များစွာ ထိန်းသိမ်းစောင့်ရှောက် ပြသထားတာမို့ ဗဟုသုတရချင်လို့ပဲဖြစ်ဖြစ်၊ မိသားစု သူငယ်ချင်းအပေါင်းအသင်းများနဲ့ အတူ အပန်းဖြေချင်လို့ပဲဖြစ်ဖြစ် လာရောက်လေ့လာလည်ပတ်ဖို့ လှိုက်လှဲပျူငှာစွာ ဖိတ်ခေါ်လိုက်ပါတယ်။ 🤗🤗🤗

Copyright 2018, All rights reserved.