✨ ကမ္ဘာ့ကြံ့သူတော်များနေ့ (World Tapir Day) ✨ – Yangon Zoo
✨ ကမ္ဘာ့ကြံ့သူတော်များနေ့ (World Tapir Day) ✨ နှစ်စဉ် ဧပြီလ (၂၇) ရက်နေ့ကို ကမ္ဘာ့ကြံ့သူတော်များနေ့အဖြစ် သတ်မှတ်ထားပြီး လူထုအတွင်း မျိုးသုဉ်းလုနီးပါးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေရသော ကြံ့သူတော်များကို အနာဂတ်ကာလတွင် ကာကွယ်ထိန်းသိမ်းနိုင်စေရန်နှင့် ပညာပေးလှုပ်ရှားမှု အသိအမြင်များ တိုးပွါးလာစေရန် ရည်ရွယ်၍ (၂၀၀၈) ခုနှစ်မှ စတင်ကျင်းပလာခဲ့သည်မှာ ယခုနှစ်ဆိုလျှင် (၁၇) နှစ်ရှိပြီ ဖြစ်ပါတယ်။ ကမ္ဘာပေါ်တွင် ကြံ့သူတော်မျိုးစိတ် (၄) မျိုး ရှင်သန်ပေါက်ဖွား နေထိုင်ကျက်စားလျက်ရှိပြီး မြန်မာနိုင်ငံတွင်တွေ့ရှိရသော The Malayan Tapir (မလေး ကြံ့သူတော်) များကို မြန်မာနိုင်ငံတောင်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် အရှေ့တောင်အာရှ နိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့တွင် ရှင်သန်နေထိုင် ကျက်စားကြသည်ကို တွေ့ရှိရပါတယ်။ တခြားသော ကြံ့သူတော်မျိုးစိတ် (၃) မျိုးကို တောင်အမေရိကတိုက်နှင့် အမေရိကတိုက် အလယ်ပိုင်းတို့တွင် တွေ့ရှိရပါတယ်။ ကြံ့သူတော်များ၏ခန္ဓာကိုယ်သည် လုံးဝန်းပြီး ဆင်ကဲ့သို့ နှာမောင်းတိုလေးတစ်ခုပါရှိပါတယ်။ ပခုံး၏အနောက်မှ တင်ပါးဆုံပိုင်းအထိ အဖြူရောင်ရှိပြီး ခန္ဓာကိုယ်၏ ကျန်အပိုင်းသည် အမဲရောင်ဖြစ်ပါတယ်။ ဤကဲ့သို့ ခန္ဓာကိုယ် အဖြူတစ်ပိုင်း အမဲတစ်ပိုင်း ဖြစ်နေသည်မှာ ညအချိန်တွင် ရန်သူများ အလွယ်တကူ မမြင်နိုင်စေရန် သဘာဝက ဖန်တီးထားသည်ဟု သတ္တဗေဒ ပညာရှင်များက ယူဆကြပါတယ်။ ကြံ့သူတော်များသည် ခွာမစုံ သတ္တဝါမျိုးဖြစ်ပြီး ရှေ့ခြေတွင် ခြေချောင်း(၄)ချောင်းနှင့် နောက်ခြေတွင် ခြေချောင်း (၃)ချောင်းပါရှိပါတယ်။ ကြံ့သူတော်များသည် ရာသီအလိုက် အသီးအနှံများကို စားသုံးသည့် အသီးအရွက်စားမျိုးစိတ်ဖြစ်သည့်အတွက် သစ်တောများအနှံ့ကို သဘာဝအလျောက်မျိုးစေ့များ ဖြန့်ဖြူးပေးနိုင်ခြင်းနှင့် မြေဆီဩဇာများကို ကောင်းမွန်စေပြီး ဂေဟစနစ်ကို အကျိုးပြုသည့် မျိုးစိတ်ဖြစ်ပါတယ်။ ကောင်းမွန်သော သစ်တောများထက် သစ်တောများပြုန်းတီးသည့်နေရာများတွင် ကြံ့သူတော်များ၏ မျိုးစေ့များ ဖြန့်ဖြူးပေးခြင်းသည် (၃) ဆခန့် ပိုမိုပျံနှံ့ပေးနိုင်သော်လည်း လူအများစုက ကြံ့သူတော်များကို မျိုးစိတ်တစ်ခုအနေနှင့် သတိမထားမိကြသည့် အချိန်မှာပင် ကြံ့သူတော်ကောင်ရေများစွာ ဆုံးရှုံးလျက်ရှိပါတယ်။ ကြံ့သူတော်များ မျိုးသုဉ်းပျောက်ကွယ်ရခြင်း၏ အဓိက အကြောင်းရင်းများမှာ ၎င်းတို့နေရင်းဒေသဖြစ်သော သစ်တောမြေများကို စိုက်ပျိုးမြေများအဖြစ် ပြောင်းလဲအသုံးပြုခြင်း၊ ရေအားလျှပ်စစ် စီမံကိန်းများအတွက် ဆည်များတည်ဆောက်ခြင်းများကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာခြင်း၊သစ်တောအလွန်အကျွံခုတ်ခြင်း၊ အသားနှင့်အရေခွံအတွက်အလွန်အကျွံ အမဲလိုက်ခံရခြင်းတို့ကြောင့်ဖြစ်ပါတယ်။

ဂေဟစနစ်အတွက် အလွန်အရေးပါသော သက်ရှိရုပ်ကြွင်းများဖြစ်သည့် ကြံ့သူတော်များ မျိုးသုဉ်း ပျောက်ကွယ်မသွားစေ‌ရေး ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားရန်နှင့် ၎င်းတို့နေထိုင်ရာ နေရင်းဒေသများကို ထိန်းသိမ်းကာကွယ်ရန် လိုအပ်ပါကြောင်း အသိပေးနှိုးဆော်ရင်း တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) အတွင်း ထိန်းသိမ်းစောင့်ရှောက်ထားသည့် ကြံ့သူတော်အား လာရောက်လေ့လာဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

Copyright 2018, All rights reserved.