ရန်ကုန်တိရစ္ဆာန်ဥယျာဉ်

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်

တိရစ္ဆာန်များနှင့် ထိန်းသိမ်းရေး
နေ့စဉ် ဖွင့်လှစ်ပါသည် • မနက် ၈ နာရီ မှ ညနေ ၅ နာရီ

သတင်းများ

ကျားများသန်မာစေရန် စနစ်တကျ ကျွေးမွေး

11 March 2026 Yangon Zoo Administration News

အာဟာရပြည့်မှန် ကျားများသန်မာစေရန် စနစ်တကျ ကျွေးမွေးလျက် ရှိပါတယ်။ ဒီနေ့မှာတော့ လူအများ စိတ်ဝင်တစား မေးမြန်းကြသော ကိစ္စရပ်များထဲမှ ကျားများအား အစာ ပြင်ဆင် ကျွေးမွေးခြင်း နှင့် ပတ်သတ်သည့် အကြောင်းအရာများကို ဗဟုသုတရရှိနိုင်ရန် ဖော်ပြပေးလိုက်ပါတယ်။

တိရစ္ဆာန်ဥယျာဉ်များ (ရန်ကုန်၊ နေပြည်တော်၊ မန္တလေး) တို့တွင်  ထိန်းသိမ်း စောင့်ရှောက် ထားသည့် အသားစားတိရစ္ဆာန်များထဲမှ ကျားများကို အစာပြင်ဆင်ကျွေးမွေးရာတွင် အာဟာရ ရရှိမှု၊ ဘေးကင်းလုံခြုံမှုနှင့် သဘာဝဗီဇကို လှုံ့ဆော်ပေးနိုင်မှုတို့ကို ရရှိစေရန်အတွက် သေချာစနစ်တကျ စီမံ၍ ကျွေးမွေးလျှက်ရှိပါတယ်။

ကျားများသည် အသားစားသတ္တဝါများဖြစ်ကြပြီး သဘာဝတောထဲတွင် raw meat (အရွက်၊ အရိုး၊ အကြော၊ ကလီစာ၊ အမွှေးအမှင်ပါသည့်အရေခွံ) နှစ်သက် ခုံမင်စွာ စားသုံးလေ့ရှိကြပြီး ထိန်းသိမ်း စောင့်ရှောက်ထားသည့် နေရာများတွင် သီးသန့် ပြင်ဆင်၍ ကျွေးမွေးလျှက် ရှိပါတယ်။

တိရစ္ဆာန်ဥယျာဉ်များ (ရန်ကုန်၊ နေပြည်တော်၊ မန္တလေး) တို့တွင် ကျားများအား လတ်ဆတ်သည့် အမဲသားများကို ကျွေးမွေးလျှက် ရှိပါတယ်။ ထို့သို့ကျွေးမွေးရာတွင် အသက် နှင့် လိင်အမျိုးအစားပေါ် မူတည်၍ အစာကျွေးနှုန်းမှာ ကွဲပြားကြပါတယ်။ အရွယ်ရောက်သည့် ကျားအထီးများအား တစ်နေ့လျှင် အမဲသား (၃) ပိဿာ နှင့် ကျားအမ များအား  အမဲသား (၂ပိဿာ ၇၅ကျပ်သား) အား ကျွေးမွေးလျှက် ရှိပါတယ်။

ထိန်းသိမ်းစောင့်ရှောက်ထားသော ကျားများအား အစားပြင်ဆင်ကျွေးမွေးရာတွင် အသားဓာတ်တစ်ခုထဲ သာမက တခြားလိုအပ်သည့် အာဟာရဓာတ်များ လုံလောက်စွာ ရရှိနိုင်ရန်အတွက် Calcium နှင့် Multivitamin တို့ကို ကျွေးမွေးသည့် အသားထဲတွင် ရောနှော၍ ထည့်သွင်း ကျွေးမွေး ထားပါတယ်။

ထို့အပြင် တစ်ကောင်ချင်းစီအလိုက် သီးခြားလိုအပ်မှုများရှိပါက ထပ်မံ  လိုအပ်သည့် supplement များ ကျွေးမွေးလျှက်ရှိပြီး ကျားများအပါအဝင် ကြောင်ကြီးမျိုးရင်းဝင်အုပ်စုများကို တစ်ပတ်လျှင် တစ်ရက်  တနင်္လာနေ့အား (fasting day) အဖြစ် သတ်မှတ်ထားပါတယ်။ထို့နောက် ကျွေးမွေးလိုက်သည့် အစာအား ကုန်စင်အောင် စားသောက်ခြင်းရှိ/မရှိများအားလည်း အကဲဖြတ်၍ ကျားများ၏ ကျန်းမာရေးဆိုင်ရာ အခြေအနေများအား မှတ်တမ်းများထားရှိကာ စနစ်တကျ ပြင်ဆင်ကျွေးမွေးလျှက် ရှိပါတယ်။

သဘာဝတောများထဲ၌ နေထိုင်ကျင်လည်ကြသော ကျားများမှာတော့  နေ့အချိန်တွင် သားကောင်လိုက်လေ့ မရှိဘဲ ညအခါမှသာ လှည့်လည်ကျက်စားလေ့ရှိပြီး တစ်ကြိမ်စားလျှင် (၃၀ မှ ၅၀) ကီလိုဂရမ်အထိ စားသောက်တတ်ကြပါတယ်။ထိုသို့ အမဲလိုက်၍ စားသောက်ပြီး နောက်တွင် ရက်အတော်ကြာသည်အထိ အမဲမလိုက်ဘဲ နေထိုင်တတ်လေ့ ရှိကြပါတယ်။

 

ကျားဆရာကြောင် ဟု ဆိုသည့် အတိုင်း ကြောင်ကြီးမျိုးရင်းတွင်ပါဝင်သော ကျားများသည် ကိုယ်လုံးကိုယ်ထည်မှာ အချိုးအစားကျနပြေပြစ်ခြင်း၊ အသွေးအမွေးမှာ စိုပြေ တောက်ပြောင်ခြင်း နှင့် ဖျတ်လတ်ပေါ့ပါးသော ကိုယ်ဟန် အနေထား ရှိခြင်းတို့ကြောင့် ကြောင်မျိုးရင်းဝင် တိရစ္ဆာန်အပေါင်းတို့တွင် အလှပဆုံးနှင့် အချိုးအကျဆုံး ဖြစ်ပါတယ်။

ကျားများသည် သသာဝတွင် အမဲလိုက်၍ စားသောက်တတ်သည့် သသာဝရှိသည့်အတွက် တိရစ္ဆာန်ဥယျာဉ်များတွင် ထိန်းသိမ်းစောင့်ရှောက်ထားသော ကျားများအား သဘာဝအရ ဖမ်းယူစားသောက်တတ်သည့် အလေ့အထ နှင့် လှုံ့ဆော်မှုများရရှိစေရန် Feeding Enrichment အစီအစဉ်များ ပြုလုပ်၍ ကျွေးမွေးလျှက်ရှိပါတယ်။

ယခုဖော်ပြပါ အချက်အလက်များသည် တိရစ္ဆာန်ဥယျာဉ်များ (ရန်ကုန်၊ နေပြည်တော်၊ မန္တလေး) တို့တွင်  ထိန်းသိမ်း စောင့်ရှောက် ထားသည့် ကျားများအား အစာပြင်ဆင်ကျွေးခြင်း နှင့် ပတ်သတ်သည့် အကြောင်းအရာများကို ကျားများ၏ ကျန်းမာရေးနှင့် အစာစီမံကျွေးမွေးခြင်း မှတ်တမ်းများမှ တဆင့် ဗဟုသုတရရှိနိုင်ရန် ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။

ဖော်ပြပါသော ကျားများ၏ အစာစီမံကျွေးမွေးခြင်း ၊ နေထိုင်မှု ၊သဘာဝ အလေ့အကျင့်တို့ကို ပိုမို အသေးစိတ် လေ့လာလိုပါက ကျားများအား ထိန်းသိမ်းစောင့်ရှောက်ထားသော တိရစ္ဆာန်ဥယျာဉ်များသို့ လာရောက်လည်ပတ်ဖို့ ကြိုဆို ဖိတ်ခေါ်လိုက်ပါတယ်ရှင်။

Facebook တွင်မျှဝေရန်
သတင်းမီဒီယာများတွင်လည်း သတင်းများဖတ်နိုင်ပါသည်

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၏ နောက်ဆုံးရ သတင်းများ၊ အသိပေးချက်များနှင့် စိတ်ဝင်စားဖွယ်ရာ အကြောင်းရာများကို သိရှိနိုင်ရန် ကျွန်ုပ်တို့၏ လူမှုကွန်ရက် စာမျက်နှာများတွင် ချိတ်ဆက်လိုက်ပါ။